အိုစားမားဘင်လာဒင်သည် အယ်လ်ခိုင်းဒါး (AQ) ကို ယခုမတည်ရှိတော့သည့် ဆိုဗီယက်ပြည်ထောင်စု၏ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ထားသော စစ်အင်အားစုများအား အာဖဂန်နစ္စတန်၌ တိုက်ခိုက်ခဲ့သော အာရပ်များနှင့် ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ AQ သည် မွတ်စလင်လောကမှ အနောက်တိုင်းလွှမ်းမိုးမှုကို ဖယ်ရှားရန်၊ မွတ်စလင်နိုင်ငံများ၏ “ဖောက်ပြန်ရေးသမား” အစိုးရများကို ဖြုတ်ချရန်နှင့် မွတ်စလင်တရားဥပဒေအပေါ် မိမိကိုယ်တိုင်၏ အနက်ကောက်မှုဖြင့် အုပ်ချုပ်ပြီး အဆုံး၌ နိုင်ငံတကာအဆင့် ဆက်ဆံရေးတစ်ရပ်၏ အလယ်ဗဟို၌ရှိမည့် တစ်ခုတည်းသော အစ္စလမ်နိုင်ငံ ပိုင်နက်တစ်ရပ် တည်ထောင်ရန် ကြိုးပမ်းပါသည်။ ဤရည်မှန်းချက်ပန်းတိုင်များသည် ၁၉၆၆ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုအပေါ် လူသိရှင်ကြား စစ်ကြေညာပြီးနောက် အဓိကအားဖြင့် မပြောင်းလဲဘဲ ရှိနေပါသည်။ အကြမ်းဖက်ဝါဒအပေါ် ဆန့်ကျင်တုံ့ပြန်ရန် ကြိုးပမ်းမှုများကြောင့် AQ သည် ၎င်း၏အလယ်အဆင့်နှင့် အဆင့်မြင့် တပ်သားများ ဒါဇင်ပေါင်းများစွာ ဆုံးရှုံးသွားခဲ့သော်လည်း စစ်သားစုဆောင်းခြင်း၊ စီစဉ်ခြင်း၊ လှုံ့ဆော်မှုပေးခြင်းနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့ ဆက်လက်ပြုလုပ်နေပါသည်။ AQ သည် အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှတို့တွင် ၎င်းနှင့်ဆက်နွှယ်နေသည့် အဖွဲ့အစည်းများရှိနေပြီး ၎င်း၏မျက်မှောက်ခေတ်အင်အားမှာ အဓိကအားဖြင့် ထိုဆက်နွှယ်နေသည့် အဖွဲ့များတွင် ဖြစ်သည်။
AQ သည် အတိုင်းအတာကြီးမားပြီး များစွာထိခိုက်စေသည့် တိုက်ခိုက်မှုများအတွက် တာဝန်ရှိပါသည်။ ၁၉၉၂ ခုနှစ် ရေမင်နိုင်ငံ အေဒင်မြို့ရှိ အမေရိကန်တပ်သားများကို သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၁၉၉၃ ခုနှစ် ဆိုမားလီးယားနိုင်ငံ၌ အမေရိကန် ဟယ်လီကော့ပတာများကို ပစ်ချခဲ့ပြီး အမေရိကန် စစ်သားများကို သတ်ဖြတ်ခဲ့မှု ပြုလုပ်ခဲ့သည်ဟု ပြောဆိုပါသည်။ ၁၉၉၈ ခုနှစ် သြဂုတ်လတွင်လည်း AQ သည် လူ ၂၂၄ ဦးကို သေဆုံးစေခဲ့ပြီး ၅၀၀၀ ကျော် ထိခိုက်ဒဏ်ရာ ရစေခဲ့သည့် နိုင်ရိုးဘီးနှင့် ဒါအက်စလမ် အမေရိကန် သံရုံးများကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလတွင် AQ သည် အေဒင်ဆိပ်ကမ်း၌ အမေရိကန် ရေတပ်သား ၁၇ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရစေသည့် ဖောက်ခွဲပစ္စည်းများ အပြည့်ပါရှိသည့် လှေဖြင့် အသေခံဗုံးဖြင့်လည်း USS Cole ကို တိုက်ခိုက်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် AQ အဖွဲ့ဝင် ၁၁ ဦးသည် အမေရိကန် စီးပွားရေးလေယာဉ် လေးစင်းကို ပြန်ပေးဆွဲ၍ နှစ်စင်းကို နယူးယောက်မြို့ ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေး စင်တာ၌၊ တစ်စင်းကို ပင်တဂွန်နှင့် နောက်ဆုံးတစ်စင်းကို ပင်စဗေးနီးယားပြည်နယ်ရှိ ရှန့်စ်ဗီးလ်ကွင်းအတွင်း ဖျက်ချခဲ့ပါသည်။ 9/11 တိုက်ခိုက်မှုများတွင် လူ ၃၀၀၀ နီးပါး သေဆုံးခဲ့ပါသည်။
၁၉၉၉ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ AQ အား လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့၌ AQ ကို နိုင်ငံတော်သမ္မတ၏ အမိန့် ၁၃၂၂၄ နောက်ဆက်တွဲ၌ ဖော်ပြခဲ့ပါသည်။ ဤသတ်မှတ်ချက်၏ အကျိုးဆက်အနေဖြင့် အခြားသက်ရောက်မှုများအပြင် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ AQ ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား AQ နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ်ထားပါသည်။ ထို့အပြင် AQ အား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။