ဟဇ်ဘူလာသည် လက်ဘနွန်အခြေစိုက် အကြမ်းဖက်အုပ်စုဖြစ်ပြီး၊ လက်နက်၊ သင်တန်းနှင့် ထောက်ပံ့ငွေများကို အီရန်နိုင်ငံမှ ရရှိပြီး ဤသည်ကို နိုင်ငံခြားရေးဝန်ကြီးသည် ၁၉၈၄ ခုနှစ်တွင် နိုင်ငံတော်မှ အကြမ်းဖက်မှုကို ကူညီမှုဟု သတ်မှတ်ခဲ့ပါသည်။ ဟဇ်ဘူလာသည် ကြီးမားသည့် အကြမ်းဖက် ကွန်ရက်တစ်ရပ် ထိန်းသိမ်းထားပြီး၊ တိုက်ခိုက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပါသည်။ ၎င်းတို့တွင် ၁၉၈၃ ခုနှစ် ဘေရုမြို့ အမေရိကန် သံရုံးနှင့် ဘေရုရှိ အမေရိကန် ကမ်းတက်တပ်သား စစ်တန်းလျားများကို ထရပ်ကားအသေခံဗုံးများဖြင့် တိုက်ခိုက်မှုများ၊ ၁၉၈၄ ခုနှစ် ဘေရုမြို့ အမေရိကန်သံရုံး တိုးချဲ့ဆောင်ကို တိုက်ခိုက်မှုနှင့် ၁၉၈၅ ခုနှစ် TWA လေယာဉ်ခရီးစဉ်အမှတ် ၈၄၇ ကို တိုက်ခိုက်မှုတို့ ပါဝင်ပါသည်။ ၁၉၉၂ ခုနှစ် အာဂျင်တီးနားရှိ အစ္စရေး သံရုံးအပေါ် တိုက်ခိုက်မှုများအပြင် ၁၉၉၄ ခုနှစ် ဘွယ်နိုစားရစ္စရှိ အာဂျင်တိုင်း ဂျူးဘာသာကိုးကွယ်သူများ နှစ်ဘက်အပြန်အလှန် ကူညီရေးအသင်း (Argentine Jewish Mutual Aid Society) ကို ဗုံးခွဲမှုတို့တွင် အီရန်နှင့်အတူ ဟဇ်ဘူလာသည်လည်း ပါဝင်ပတ်သက်နေပါသည်။ ၂၀၁၂ ခုနှစ်တွင် ဟဇ်ဘူလာ တပ်သားများသည် ဘူလ်ဂေးရီးယား နိုင်ငံတွင် အသေခံဗုံးဖြင့် တိုက်ခိုက်မှုတစ်ရပ် အောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။ အာဇာဘိုင်ဂျန်၊ စိုက်ပရပ်စ်၊ အီဂျစ်၊ ကူဝိတ်၊ နိုင်ဂျီးရီးယားနှင့် ထိုင်းနိုင်ငံတို့ကဲ့သို့ နိုင်ငံများတွင် ဟဇ်ဘူလာ၏ တိုက်ခိုက်ရန် ကြိုးပမ်းများနှင့် လျှို့ဝှက် ကြံစည်မှုများကို ဥပဒေကြီးကြပ်သူများက ဖျက်ဆီးခဲ့ပါသည်။
၁၉၉၇ ခုနှစ် အောက်တိုဘာလ ၈ ရက်တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ ဟဇ်ဘူလာအား လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့၌ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ ဟဇ်ဘူလာအား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ ဟဇ်ဘူလာ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား ဟဇ်ဘူလာနှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ်ထားပါသည်။ ထို့အပြင် ဟဇ်ဘူလာအား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။