ဖြောင့်မတ်သူတို့၏တပ်ဟုလည်းသိကြသည့် လာ့ရှ်ကားအေ တေယီဘာ (LeT) သည် ၁၉၈၀ ခုနှစ်များက ဖွဲ့စည်းခဲ့သည့် ပါကစ္စတန်နိုင်ငံအခြေစိုက် အကြမ်းဖက်အုပ်စုဖြစ်ပါသည်။ LeT သည် ၁၉၉၃ ခုနှစ်ကတည်းက လူသိများသော တိုက်ခိုက်မှုများ၊ အိန္ဒိယတပ်သားများနှင့် အရပ်သား ပစ်မှတ်များအပေါ် တိုက်ခိုက်မှုများ အပါအဝင် စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပါသည်။ ထိုအုပ်စုသည် အာဖဂန်နစ္စတန်ရှိ ညွန့်ပေါင်းအင်အားစုများကိုလည်း တိုက်ခိုက်ခဲ့ပါသည်။ LeT သည် အမေရိကန် နိုင်ငံသား ခြောက်ဦး အပါအဝင် လူ ၁၆၆ ဦးသေဆုံးခဲ့ပြီး ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရှိခဲ့သည့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ ၂၀၀၈ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။
၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ LeT အား လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခင်က ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ LeT အား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ LeT ၏ အိုးအိမ်ခြံမြေ အားလုံးနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား LeT နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ်ထားပါသည်။ ထို့အပြင် LeT အား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။